ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၀
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ၊ ၎င်းတို့နှင့် ထိစပ်သူများအား သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ရန် ကိုဗစ်-၁၉ ပထမလှိုင်းတွင် လူမှုကူညီရေး အသင်း(၄)သင်း သီးသန့်စီစဉ်ထားရာမှ ယခုအခါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့်ထိစပ်သူများ များပြားလာခြင်းကြောင့် လူမှုကူညီရေးအသင်း(၁၂)သင်း အထိထပ်တိုးဆောင်ရွက်ကာ တာဝန်ယူပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်လူမှုကူညီရေးအသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ နှင့်ပတ်သက်တဲ့သူများကို လူမှုကူညီရေး အသင်းများမှ ကားများအား အသုံးပြုရာတွင် တခြားလူနာများပို့ဆောင်သောကားများနှင့် သီးသန့် ဖြစ်စေရန်အတွက် ပထမလှိုင်းတွင် အဖွဲ့ဝင်အသင်း(၄)သင်းကသာ တာဝန်ယူဆောင် ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ အဖွဲ့ဝင်အသင်း(၁၂)သင်းအထိ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသောလူမှုကူညီရေးအသင်းများအနေဖြင့် တခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများတွင် သီးသန့်ခွဲခြားကာ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ “ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိခဲ့ပါဘူး၊ ယခုအခါ ကူးစက်မှုတွေများပြားလာတဲ့အတွက် ကိုဗစ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာနေရာတွေကို ပို့ဆောင်ပေးတဲ့အဖွဲ့ဝင်အသင်း(၄) သင်းကနေ အဖွဲ့ဝင်အသင်းပေါင်း(၁၂)သင်းထိ ထပ်တိုး ဆောင်ရွက်လာတာ တစ်လကျော်သွားပါပြီ။ မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးလုပ်တဲ့ ယာဉ်တွေကို တခြားကျန်းမာရေးဆိုင်ရာနေရာတွေမှာ အသုံးမပြုပါဘူး၊ သီးသန့်ဆောင်ရွက်ပါတယ်၊ မြို့နယ်အတွင်းမှာ ထိစပ်လူနာများထားရှိရန် အ.ထ.က(၂၇) Quarantine Center ကိုလည်းဖွင့်လှစ်ထားပါတယ်” ၎င်းက ပြောကြားသည်။
ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးပြုလုပ်သူများကိုလည်း PPE ဝတ်ဆင်နည်း၊ ချွတ်နည်းနှင့် မော်တော်ယာဉ်များအားဆေးဖြန်းနည်းများနှင့် တခြားကာကွယ်ရေး နည်းလမ်းများကို သင်တန်းပေးပြီးမှ ဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရသည်။ “ပြည်ကြီးတံခွန်မြို့နယ်မှာ လူမှုကူညီရေးအသင်း(၂၆)သင်းရှိပါတယ်။ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ သက်ဆိုင်ရာနေရာများသို့ သယ်ယူပို့ဆောင်ရန် လောကပါလ လူမှုကူညီရေးအသင်း၊ ဗိသုကာလူမှုကူညီရေး အသင်း၊ ကလျာဏမိတ္တလူမှုကူညီရေး အသင်း နှင့် အနော်မာလူမှုကူညီရေး အသင်းတို့အား ကိုဗစ်-၁၉ ပထမလှိုင်းတွင် သီးသန့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဓမ္မိက၊ ရွှေမဉ္ဇူ၊ မဟာဟိတကာရီ၊ မဟာတံခွန်၊ ဖြူစင်မေတ္တာ၊ ကရုဏာရှင်၊ ထာဝရတွဲလက်၊ ရွှေမန်းတံခွန် အစရှိသော လူမှုကူညီရေးအသင်း(၈)သင်းတို့ဖြင့် ထပ်တိုးကာ စုစုပေါင်း လူမှုကူညီရေးအသင်း (၁၂)သင်းကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။ ပြည်ကြီးတံခွန်မြို့နယ်လူမှုကူညီရေးအသင်းချုပ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း များ စဉ်ဆက်မပျက်ဆောင်ရွက် လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ယင်းတို့နှင့်ထိစပ်သူများအား သယ်ယူ ပို့ဆောင်ပေးခြင်း၊ မြို့နယ်အတွင်းလှည့်လည် ဆေးဖြန်းခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးခြင်းများဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)