လှည်းကူး ဒီဇင်ဘာ ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရရှိသောအခြေခံလူတန်းစား အိမ်ထောင်စု စာရင်းမှန်ကောက်ယူ နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်တင်ပြခဲ့သော အခြေခံအိမ်ထောင်စုများစာရင်းအား မြို့နယ်အနေဖြင့် စိစစ်ခဲ့ရာ ပထမအကြိမ်အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးဖြင့် အိမ်ထောင်စု(၁၂၆၁၁)စု၊ ဒုတိယအကြိမ် တစ်အိမ်ထောင်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၇၇၄၉)စု၊ ဆက်လက်၍ အိမ်ထောင်စု(၂၀၃၆၀)စုအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ် နှုန်းဖြင့် (၃)ကြိမ် ထောက်ပံ့ပေးခဲ့ပြီး၊ ထပ်မံ၍ အိမ်ထောင်စု(၄၄၁၇၅)စုအား တစ်အိမ်ထောင်လျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စု(၇၂၂၉၆)စုရှိရာ ထောက်ပံ့ကြေး (၄၀၀၀၀)ကျပ် မရရှိပြီးသော အခြေခံလူတန်းစားအိမ်ထောင်စု (၄၄၁၇၅)စုနှင့် ထောက်ပံ့ကြေး(၄၀၀၀၀) မရရှိ သဖြင့် ထပ်မံတင်ပြထားသော အိမ်ထောင်စု(၂၆၃၈၃)စုအပါအဝင် စုစုပေါင်း အခြေခံလူတန်းစား အိမ်ထောင်စု (၇၀၅၅၈)စုရှိရာ လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စု စုစုပေါင်း ၉၇ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် သတ်မှတ်ထား သော အခြေခံလူတန်းစား အချက်အလက်များနှင့်ကိုက်ညီမှုရှိမရှိစိစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများကပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)