ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၆၀၀ ကျပ်သာ ရောင်းချနေရ

ညောင်ဦး မေ ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၁၆၀၀ ကျပ် ဖြစ်နေရာမှ ၁၅၀၀ ကျပ်သို့ ဈေးပြန်လည်ကျဆင်းခဲ့ကြောင်း ကြက်သွန်နီပွဲစား ဦးနန်းတင့်ထံက သိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ ဧပြီ၊ မေလပထမပတ်တို့တွင် ကြက်သွန်နီတစ် ပိသာ ၁၅၀၀ ကျပ်မှ ၁၆၀၀ ကျပ်ဈေးထိဈေးနှုန်းတက်ခဲ့ပြီး ဧပြီလမှ မေလ ပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ပြီး တစ်ပိသာ ၁၅၀၀ ကျပ် ဖြစ်နေခဲ့ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြားစိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေး ရွာများတွင် စိုက်ပျိုးခြင်းနှင့်စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော်ကြာမြင့်ကြောင်း၊ ဆောင်ကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင်ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူးတွင်းဖော်ရခြင်းများ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန်အလုပ်သမား၊ အလုပ်သမားငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမအမြောက်အများငှား စိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများ သည့်လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း စိုက်နေကြဖြစ်နေခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း ညောင်ဖြူပင်ကျေးရွာ ဦးသာဒင်က ရှင်းပြသည်။ ဆောင်းကြက်သွန်နီ ဈေးနှုန်းများ နှစ်နှစ်ဆက်တိုက်အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်း မျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်း မေလအတွင်း ၁၅၀၀ ကျပ်ဈေးဖြစ်နေခြင်းက ကြက်သွန်စိုက်ပျိုး တောင်သူများ ထုတ်ရောင်းရမလို၊ ဆက်ပဲလှောင်ထားရမလို ဖြစ်နေကြောင်းလည်း ဆပ်ပြာကျင်းကျေးရွာ ကြက်သွန်စိုက်ပျိုး တောင်သူ ဦးဇော်ချင်းကပြောကြား၍ သိရသည်။

ဒီပါလင်း