မော်လမြိုင် မေ ၁၇
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်းအတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလန်းစိုပြည်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ မကြာမီကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေး၊ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေးပြည့်မီစွာရရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မော်လမြိုင်ပြည်သူ့ဆေးရုံကြီး(ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့)ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ကတိုးကျေးရွာအုပ်စု ဖဲထော်ကျေးရွာရှိ ဝင်းစိန်ပရိယတ္တိစာသင်တိုက်၌ ကွင်းဆင်းကုသဆောင်ရွက်သည်။
ဦးစွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများကွင်းဆင်းကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာကုသနိုင်ရေး ဆောင်ရွက်ကြရန်၊ အများပြည်သူများအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ အထူးကုဆရာဝန်ကြီးများအား ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆေးကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။
အဆိုပါကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး ဦးဆောင်၍ အထူးကုဘာသာရပ်များဖြစ်သည့် ခွဲစိတ်၊ အရိုး၊ ဆေးပညာ၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ သားဖွားမီးယပ်နှင့်ကလေးအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မော်လမြိုင်မြို့နယ် ကတိုးကျေးရွာအုပ်စုရှိ ဖဲထော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးလက်နေပြည်သူ(၃၀၀)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ဝင်းစိန် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဥတ္တမောဘာသအား ဖူးမြှော်ကြည်ညို၍လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျောက်ထားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)