ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပ‌စေရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုများ၊ အင်ဂျန်းခချောင်းရေထိန်းတံခါးတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း စီမံဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းမကြီးများတွင် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ဖူးပွင့်ဝေဆာနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့နှင့်အတူ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်အတွင်း ဈေးကြီးလမ်းတစ်လျှောက် လမ်းလယ်ကျွန်းပန်းခုံများတွင် စက္ကူပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းဘေး ဝဲ/ယာများ ငုဝါပန်းပင်များဖြင့် ဝင်းဝါစွာ ဖူးပွင့်ဝေဆာနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလယ်ကျွန်းများတွင် စက္ကူပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် အဆိုပါဈေးကြီးလမ်းမှတစ်ဆင့် ရွှေတောင်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ တစ်လျှောက် ပြည်ထောင်စုလမ်းမကြီးထိ အရိပ်ရပန်းပွင့်သည့် ငုစပ်ချယ်ရီပန်းပင်များနှင့် စိန်ပန်းပင်များ စိုက်ပျိုးထားရှိရာတွင် ပန်းများဖြင့် ဝေဆာဖူးပွင့်နေမှုအခြေအနေများကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်းမကြီးမှ ရုံးကြီးလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် ငုစပ်ချယ်ရီပင်များနှင့် ငုဝါပင်များ ရောစပ်စိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း၊ ဘုံကျောင်းလမ်းတစ်လျှာက် အရိပ်ရအပင်ကြီးမျိုးဖြစ်သည့် စိန်ပန်းပြာပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ပန်းများဖြင့် ဖူးပွင့်ဝေဆာနေမှုအခြေအနေများကိုလည်းကောင်း၊ ယင်းနောက် မြို့သစ်ကြီးရပ်ကွက်အတွင်း ဈေးကြီးလမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာများတွင် ငုဝါပန်းပင်များ စိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး ရောင်စုံပန်းများဖြင့် ဖူးပွင့်ဝေဆာနေစေရေး၊ လမ်းဘေးဝဲ/ယာများ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်‌နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့်ဆိပ်ကမ်း၌ ကမ်းပါးတစ်လျှောက် ရေလျှံတားအုတ်ရိုးစီ နံရံတည်ဆောက်လျက်ရှိရာတွင် ဆုတောင်းပြည့်စေတီတော်မြေထိန်းနံရံ၌ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြစ်ကမ်းပါး၌ ကလေးငယ်များ ပျော်ပွဲစားထွက် လာရောက်မှုကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကာ ကမ်းနားလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်နိုင်ရေးအတွက် ရေထိန်းတံခါးတည်ဆောက်မည့် နေရာတွင် ရှင်းလင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)