ရန်ကုန် မေ ၁၇
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းရှိ အမှတ် (၁၃) မြစ်ထွက်ပေါက်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က မြစ်ထွက်ပေါက်အတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝဏ်လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဧရာဝဏ်လမ်း၊ မြခွာညိုအိမ်ရာဝင်းရှိ အမှတ်(၁၂) မြစ်ထွက်ပေါက်ရေတံခါးရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြှုပ်ပန့်များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါးဝန်းကျင်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယမြိုတော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ ဆယ်ပေါက်ချောင်း ရေတံခါးမြစ်ထွက်ပေါက်သို့ သွားရောက်ပြီး ချောင်းပိတ်ဆို့မှုမဖြစ်စေရေး အမှိုက်နှင့် နုန်းများ အပြောင်ဆယ်ယူရှင်းလင်းပြီး စနစ်တကျစွန့်ပစ်ရန်၊ ရေကြီးရေလျှံမှုများမဖြစ်စေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ကနောင်မင်းသားကြီးလမ်းမပေါ်ရှိ ဆင်ခြေရာချောင်းသို့ သွားရောက်၍ ရေစီးရေလာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇) ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်လျက်ရှိသည့် အမှတ်(၆)ရေတံခါး တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ယခုအခါ အရှည် ၂၅ ပေ၊ ရေတံခါး အပေါက် (၃) ပေါက် ထပ်မံ တိုးချဲ့တည်ဆောက်ခြင်းဖြစ်ပြီး အမှတ် (၆) ရေတံခါး တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးသွားပါက ဒဂုံမြို့သစ် (၄) မြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ပြည်လုံးမွှေးလမ်းထောင့် ပြည်လုံးမွှေးလမ်းတစ်လျှောက် ရေထိန်းတံခါးအထိ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှု၊ Pump House Station တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ပြည်လုံးမွှေး ရေနုတ်မြောင်းသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် - ၃၄ ၊ ၃၅ ၊ ၃၆ ၊ ၃၇ ၊ ၃၈ ၊ ၃၉ ၊ ၄၀ ၊ ၄၁ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ငမိုးရိပ်ချောင်းသို့စီးဝင်သော အဓိကရေနုတ်မြောင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)