တာမွေ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုး ထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂီတစာဆို မျိုးနွယ်ဆွေ(စာရေးဆရာ မောင်နေသွင်)က “ဂီတအတွေးနှင့်အရေး”စာအုပ်နှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော လူငယ်လူရွယ်လေးများက ဂီတစာဆိုမျိုးနွယ်ဆွေ (စာရေးဆရာမောင်နေသွင်)ရေးသားသော “ဂီတအတွေးနှင့်အရေး”စာအုပ်မှ မြန်မာ့ဂီတအခြေခံ၊ မြန်မာ့ဂီတပညာနှင့် မြန်မာ့ဂီတသင်္ကေတအကြောင်း၊ သီချင်းဂီတဟူသမျှ စည်းဝါး၊ သံကျ၊ ဟန်ထားမှန်နေရမည်ဆိုသည့်အကြောင်း၊ ကုန်းဘောင်ခေတ်စာဆို ဂီတပညာရှင်ကြီးများအကြောင်း၊ တေးသွားနှင့်စာသားကို အလေးထားရမည်ဆိုသည့်အကြောင်း၊ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်၊ မြန်မာခေတ်ပေါ်ဂီတခေတ် အကြောင်း၊ မြန်မာစာ၊ မြန်မာစကား၊ မြန်မာသံအကြောင်း၊ စာပေနှင့်ဂီတ ပညာအကြောင်း၊ သီချင်းတစ်ပုဒ်၏ဖွဲ့စည်းမှု အထူးဂရုပြုစရာအကြောင်း၊ ကိုယ်ပိုင်သံစဉ်၏ခိုင်မာမှုအကြောင်း၊ ပညာရှင်နှင့်အောင်မြင်ခြင်းအကြောင်း၊ သရုပ်မှန်၊ တုံ့ပြန်၊ ဂန္တဝင်ဂီတသံအကြောင်း၊ မြန်မာ့ဂီတစစ်စစ်ကို ကမ္ဘာ့ဂီတသင်္ကေတ မီဒီယာလမ်းကြီးမှတဆင့် ထုတ်ဖော်ပြသသင့်သည်ဆိုသည့် အကြောင်းတို့နှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများ၊ နွေရာသီပညာဒါန အခမဲ့သင်တန်းများ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲများနှင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်