သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦးတွေ့ရှိ

သပိတ်ကျင်း ဒီဇင်ဘာလ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄)ဦးတွေ့ရှိခဲ့ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အမှတ်(၅)ရပ်ကွက်နေ အသက် (၄၄)နှစ် အရွယ် အမျိုးသားနှင့်၎င်း၏ဇနီး တို့နှစ်ဦးမှာ အနံ့မရရှိတော့သဖြင့် ဒီဇင်ဘာလ(၇)ရက်နေ့က ၎င်းတို့၏ သား(၂)နှစ်အရွယ် က‌လေးနှင့်အတူ ကိုယ်ပိုင်ယာဉ်ဖြင့်ရောက်ရှိလာပြီး သပိတ်ကျင်းမြို့ ပြည်သူ့ ဆေးရုံ သို့ လာရောက်ပြသဆောင်ရွက်ခဲ့ရာ အနံ့ မရရှိသူ မိဘ(၂)ဦးတို့အား သံသယလူနာ အဖြစ်သတ်မှတ်ပြီး သားဖြစ်သူနှစ်ဦးအား ထိတွေ့လူနာများအဖြစ် သီးခြားထားရှိ စောင့်ကြည့် ခဲ့ပါသည်။ ၎င်းနောက် သံသယလူနာ(၂)ဦးအား စစ်ဆေးခဲ့ရာတွင် ရောဂါပိုးတွေ့ရှိသဖြင့် သား(၂)ဦး အား ဆက်လက်စစ်ဆေးခဲ့ပြီး (၈)နှစ်အရွယ်သားတစ်ဦးမှာ ရောဂါပိုးတွေ့ရှိသဖြင့် သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင်  ဆေးကုသမှုခံယူလျက်ရှိသည်။ အတည်ပြုလူနာ နောက်တစ်ဦးမှာ မတ္တရာမြို့ နယ်၊ ဝန်စုကျေးရွာမှ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံသို့ တက်ရောက်ကုသနေသော လူနာအားသွားရောက် စောင့်ရှောက်ခဲ့သူ ချောင်းကြီးကျေးရွာ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီး တစ်ဦးသည် နိုဝင်ဘာ(၂၈)ရက် နေ့က ချောင်းကြီးကျေးရွာသို့ပြန်ရောက်ခဲ့ပြီး ချောင်းကြီးကျေးရွာရှိ Facility Quarantine ထားရှိကာ ၎င်း၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာအား ရယူစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ (၉)ရက်နေ့ က ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအခါ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ကျား(၅)နှင့် မ(၂)ဦး စုစုပေါင်း(၇)ဦး တက်ရောက် ဆေးကုသ လျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း