ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့ ခါကာဘိုရာဇီအမျိုးသားဘေးမဲ့ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး၌ ပန်နန်းဒင်ကင်းစခန်း တည်ဆောက်ပြီးစီးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲပြတိုက်အား ကြည့်ရှုစစ်ဆေး

ပူတာအို မေ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်အတူ မေ ၁၅ ရက် နံနက် ၆ နာရီက အဆိုပါအုပ်ချုပ်ရေးမှူးရုံး ဇီဝမျိုးစုံမျိုးကွဲပညာပေးပြခန်း၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဒေါ်နီလာပွင့်က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပန်နန်းဒင်ကင်းစခန်း ပြုပြင်ထိန်းသိမ်းတည် ဆောက်နိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ချထားပေးခဲ့မှုအပေါ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များအား လည်းကောင်း၊ ဝန်ထမ်းများ၏ ဖုန်ကန်ရာဇီ‌ရေခဲတောင်ထိပ် တက်ခဲ့သည့် ခရီးစဉ် အခြေ အနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ထိန်းသိမ်းရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဇီဝမျိုးစုံမျိုးကွဲ ပညာပေးပြတိုက်အတွင်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းရှိ သက်ရှိသက်မဲ့မျိုးစိတ်များ စုဆောင်းပြသထားမှု၊ ရေခဲတောင်ဒေသရှိ သက်ရှိသတ္တဝါများနှင့် သစ်တောသစ်ပင်မျိုးစိတ်များ ထိန်းသိမ်းစုစောင်းပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)