တာချီလိတ်မြို့၌ နွေရာသီ ရှမ်းစာသင်တန်း ဆုပေးပွဲပေး အခမ်းအနားကျင်းပ

တာချီလိတ်    မေ      ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နွေရာသီ ရှမ်းစာသင်တန်း ဆုပေးပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဟောင်လိတ်ကျေးရွာအုပ်စု၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်မောင်မယ်များက ရှမ်းတိုင်းရင်းသားရိုးရာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ဝမ်လုံးကျောင်းတိုက် ဆရာတော်ဥူးသုဝဏ္ဏက သင်တန်းသား သင်တန်းသူ မောင်မယ်လေးများအား ဩဝါဒမိန့်ကြားပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းနော်မောဝ်က ရှမ်းစာသင်တန်း ဆုပေးပွဲပေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းနော်မောဝ်နှင့် တာဝန်ရှိသူများက ရှမ်းစာသင်တန်းတွင် ဆုရရှိသည့်သင်တန်းသား၊ သင်တန်းသူများနှင့် အခမ်းအနားဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသော အလှူရှင်များကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ပြီး တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

အဆိုပါ နွေရာသီရှမ်းစာသင်တန်းကို တာချီလိတ်မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်းလုံးကျေးရွာအုပ်စုတို့တွင် သင်တန်းဆရာ ၆၁ ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ ၁၁၄ ဦးအား ရှမ်းစာပေးများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)