မင်္ဂလာတောင်ညွန့် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေး၊ ခွင့်ပြုချက်မဲ့သွယ်တန်းထားသော ဆက်သွယ်ရေးကြိုး၊ ဖိုင်ဘာကြိုး၊ ဝိုင်ဖိုင်ကြိုးများရှင်းလင်းရေး၊ သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ လိုက်နာသွယ်တန်းဆောင်ရွက်ရေးတို့အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မေ ၁၄ ရက်နေ့ နေလယ်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ ဆက်သွယ်ရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ သတ်မှတ်ချက် စည်းမျဥ်း စည်းကမ်းနှင့်အညီ သွယ်တန်းဆောင်ရွက်ရေး၊ ခွင့်ပြုချက်မဲ့ တရားမဝင်ကြိုးများ ရှင်းလင်းဖယ်ရှားရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် အထက်ပန်းဆိုးတန်းလမ်း (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား) တစ်လျောက်ရှိ ဆက်သွယ်ရေးကြိုးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများပူးပေါင်းစစ်ဆေး၍ တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ဆက်သွယ်ရေးကြိုးအရှည်(၈.၂)ကီလိုမီတာခန့်အား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)