ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် အများပြည်သူ သွားလာနေသော နေရာများတွင် နှာခေါင်းစည်း(mask) တပ်ဆင်ခြင်း ရှိ / မရှိ နေ့စဉ်ကြပ်မတ် စစ်ဆေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် ရွှေပြည်တန်လမ်းပေါ်တွင် ဆောင်ရွက် ခဲ့ ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ် စည်ပင် သာယာရေးအဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှညွှန်ကြားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ၊ ပါးစပ် နှာခေါင်းစည်း(mask) များတပ်ဆင်ကြရန် ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာဆေးကြောရန် ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာနေ၍ အရောင်းအဝယ်ပြုကြရန် တို့ကိုအသိပညာပေးခြင်း၊ (mask) တပ်ဆင်မှုမရှိသူ များအား ဒဏ်ငွေ ၂၀၀ သတ်မှတ်၍ (mask) တစ်ခုပေးကာ ချက် ချင်းတပ်ဆင်စေခြင်း ၊မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်နှင့် ရွှေပြည်တန် လမ်းပေါ်တွင် သွားလာနေသော အများပြည်သူ များ စက်ဘီး၊ ဆိုင်ကယ် ၊အနှေးယာဉ် ၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်း စည်း(mask)တပ်ဆင်လာခြင်းရှိ၊မရှိ ကြပ်မတ်စစ်ဆေးခြင်း ၊ တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ငွေ(၂၀၀) ကျပ်ပေး ဆောင်စေ၍ နှာခေါင်းစည်း(mask) တစ်ခုပေးပြီး ချက်ချင်း တပ်ဆင်စေ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး ခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)