နေပြည်တော် မေ ၁၆
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာရှိ ဓမ္မာရုံ၌ သမဝါယမအသင်း လေးသင်းရှိ အသင်းသားတောင်သူ ၃၁ ဦး၊ ဌာနဝန်ထမ်း ၁၅ ဦးနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မြောက်လွတ်ကုန်းကျေးရွာရှိ ဓမ္မာရုံ၌ သမဝါယမအသင်းသုံးသင်း၊ အသင်းသာတောင်သူ ၄၀ ဦးနှင့် လည်းကောင်း မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်မှ တက်ရောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံစေရေးတို့အတွက် စိုက်ပျိုးသောသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရန် “မျိုး၊ မြေ၊ ရေ၊ နည်း” မှန်ကန်စွာဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူ အသိပညာပေးပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သွင်းအားစုများကိုလည်း စနစ်တကျအသုံးပြုရန် လိုအပ်ကြောင်း၊ ကျဲပက်စနစ်ထက် Seeder၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးပါက ပို၍ကောင်းမွန်ကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအသင်းသားတောင်သူများ၏ လယ်ယာမြေများအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ Seeder များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များအား တင်ပြပေးကြပါရန်နှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဦးစီးဌာန အနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အနီးကပ်ပေါင်းစပ်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ပျိုးနည်းပညာများကို ဆွေးနွေးပေးခြင်း၊ “Al Application” နည်းပညာ Software ကို တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခြင်းနှင့် အသုံးပြုပုံများအား ရှင်းလင်းပြောကြားဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်းသား တောင်သူများမှလည်း ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ၊ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးသည် ငကောင်းကံကျေးရွာ၊ ငကောင်းကံ(စိုက်/ထွေ) သမဝါယမအသင်းသား ဦးကျော်လွင်၏ အောင်နိုင်တိုးစပါးမျိုး စိုက်ဧက(၁၀)ဧက နွေစပါးစိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)