တကောင်း ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းဒေသရှိ နှမ်းစိုက်တောင်သူများ ရာသီဥတု ကြောင့် နှမ်းအထွက်နှုန်းများလျော့ နည်းပြီးစျေးကောင်းမရ ရှိသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းဒေသခံတောင်သူများထံမှသိရသည်။
“ ရာသီဥတုဖောက်ပြန်လို့ နှမ်းအထွက်နှုန်းတော်တော်လေး လျော့တယ်။ မနှစ်ကလောက် လည်း စျေးကောင်းမရဘူး။ ကိုဗစ် ကြောင့် တစ်မျိုး တောင်သူလုပ်ငန်းရှုံးလို့အကြွေးတင် တာတစ် မျိုးနဲ့ ဒီနှစ်တော့ တောင်သူအားလုံးလိုလို အဆင်မပြေဖြစ်ကြတာ များတယ်”ဟု တကောင်းဒေသခံတစ်ဦးဖြစ်သူတောင်သူ ဦးမြင့်လွင်က ပြောပြသည်။
တကောင်းဒေသတွင် နှမ်းစိုက်ကာလ နှမ်းကျဲချိန်၌ မိုးအလွန်ခေါင်သဖြင့် နှမ်းပင်များ ဖြစ်ထွန်းမှု အားနည်းခြင်း ရိတ်သိမ်းချိန်တွင် လည်း မိုးများစွာရွာသွန်းသဖြင့် ပျက်စီးမှုများရှိခဲ့ခြင်း စသော ရာသီဥတုဖောက်ပြန်မှုများ ကိုကြုံတွေ့ ခဲ့ရသဖြင့် တောင်သူများ မျှော်မှန်းထား သလောက် သီးနှံအထွက်နှုန်းမရခဲ့ပေ။
ယခင်နှစ်က နှမ်းတစ်တင်းလျှင်( ၈၀၀၀၀)ဝန်းကျင်ခန့်ရှိပြီး စျေးတည်ငြိမ်ခဲ့သော်လည်း ယခု နှစ်တွင် နှမ်းတစ်တင်းလျှင် အရည်အသွေး အလိုက် အမြင့်ဆုံး(၆၀၀၀၀) မှနေ(၃၅၀၀၀) ဝန်း ကျင်အထိသာစျေးရှိခဲ့ကြောင်း ၊ ယခုရက်ပိုင်းတွင်အရည်အသွေး ကောင်းသောနှမ်းများသာ တစ်တင်း (၅၈၀၀၀)ဝန်းကျင်ခန့်ဖြင့် ပုံ မှန်အရောင်းအဝယ်ဖြစ်နေပြီး အဖျားသား(အရပ်အခေါ်) နှမ်းညံ့ နှမ်းဖျင်းများ မှာအရောင်းထိုင်း၍ ဝယ်သူမရှိသလောက်ဖြစ်နေ ကြောင်း သီးနှံပွဲရုံများ၊ နှမ်းရောင်းဝယ်သူများထံမှသိရသည်။
“နှမ်းစျေးကျနေလို့ စျေးတက်တဲ့အထိ သိုလှောင်ပြီးလည်းမ ထားနိုင်ဘူး။ မိသားစု စားဝတ်နေရေး၊ အလုပ်သမားခ ပေးဖို့တွေ ရှိသေးတယ်။ အဲဒါကြောင့် စျေးမကောင်းလည်း ချက်ခြင်းရိတ်၊ ချက်ခြင်းနေလှမ်းပြီး ချက်ခြင်းရောင်းချနေရတယ်။ ဒီပုံအတိုင်းဆို လာမယ့်နှစ် စိုက်ပျိုး ရာသီမှာ တောင်သူလုပ်ငန်းဆက်လုပ်ဖို့ တော်တော်လေးကိုကြိုးစားရုန်းကန်ကြရဦးမယ်” ဟု တောင်သူဦးမြင့်လွင်က ဆက်လက် ပြောပြသွားခဲ့သည်။
ကိုကိုအောင်