မိုးညှင်း မေ ၁၆
ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဟဲလုံခေတ်မီစံပြကျေးရွာရှိ သီရိရတနာခန်း၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဌေးမြင့်က ၎င်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများအား အသီးသီးပေးအပ်ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းနှင့် ၎င်းသင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းသူများအား သင်တန်းပို့ချလျက်ရှိရာ သင်တန်းသူများမှ စိတ်ဝင်တစား လေ့လာသင်ယူကြလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်ကြပြီး မေလ(၁၅)ရက်မှ ဇွန်လ(၂၈)ရက်ထိ တစ်လကျော်ကြာ ကျွမ်းကျင်ဆရာမတစ်ဦးမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း