နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရေး‌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

လယ်ဝေး မေ ၁၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့၊ သမိုင်းဝင်ဖောင်တော်ချက် မစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ‌သမိုင်းဝင်ဖောင်တော်ချက်မ စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်း ပုံစံမပျက်ပြန်လည်ပြုပြင် မွမ်းမံရေးအတွက်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားပြောကြားပြီး စေတီတော်ဂေါပကအဖွဲ့နာယက ဦးတင်ငွေက ဘုရားကြီးပြန်လည်ပြုပြင်ရေးအတွက် အလှူရှင်များမှ လှူဒါန်းမည့်အ‌ကြောင်း ရှင်းလင်းဆွေးနွေး သည်။ ထို့နောက်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ‌ ဦးဘငြိမ်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် မြို့နယ်သာသနာ‌ရေးမှူး ဦးမျိုးဝင်းအောင်တို့က စေတီတော်မြတ်ကြီးအား ရှေးဟောင်းလက်ရာမပျက် ပြန်လည်မွမ်းမံရန်အတွက်ဆောင်ရွက်မည့် အချက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ တာဝန်ရှိသူများသည် ဖောင်တော်ချက်မဘုရားသို့ သွားရောက်၍ ထိခိုက်ပျက်စီးမှုများအား မြေပြင်ကွင်းဆင်းကြည့်ရှုသည်။ 

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဝင် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် လယ်ဝေးမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း လျာထားစိုက်ပျိုးဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်သီးညှပ် ရာနှုန်းပြည့် သုံးသီးစိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီ အားဖြည့်ခြင်း၊ နည်းပညာ အရင်းအနှီး ပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးကြောင့် လျော့နည်းသွားသည့် စိုက်ဧကများကို ပြန်လည်ဖြည့်ဆည်းစိုက်ပျိုးရေး၊ သွင်းကုန်အစားထိုး ဆီထွက်သီးနှံနှင့် ဆီဖူလုံရေးအတွက်နှင့် မွေးမြူရေးကဏ္ဍတွင် ဥစားကြက်များများမွေးမြူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက လျာထားစိုက်ဧကပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အပတ်စဉ်ကွင်းဆင်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး မြို့နယ်စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြေစာရင်းနှင့် သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိသူများက စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာပန့်များဆောင်ရွက်နေမှု၊ ပေါ်ဆန်းစပါးမျိုး စိုက်ပျိုးရန်ပြင်ဆင်နေမှုများနှင့်  မျိုးကောင်းမျိုးသန့်များကရှိရန် ဆောင်ရွက်နေမှုနှင့် သွင်းအားစုများ ဖြန့်ဝေပေးမှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ငလျင်ဘေးဖြစ်ပွားပြီးနောက် ကျသောင်းတောင်ကျေးရွာ၌ မွေးမြူထားသော ဒေသကြက်များတွင် ရောဂါများကျရောက်မှု ဖြစ်ပွားလျက်ရှိသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးရန်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ကျသောင်း တောင်ကျေးရွာတွင် ဆီပဲပုပ်စံပြကွက် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီပဲပုပ်သီးနှံ ဆက်လက်စိုက်ပျိုးမည်ဖြစ်ရာ မျိုးရရှိရေး ကူညီဆောင်ရွက်ပေးရန်၊ ကျသောင်းတောင်ကျေးရွာတွင် MSME လုပ်ငန်းအနေဖြင့် ဆီကြိတ်လုပ်ငန်းနှစ်ခုရှိရာ လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် လိုအပ်သော အရင်းအနှီးရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပင်သောင်ကျေးရွာအုပ်စုတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ပဲစဉ်းငုံဧက ၅၀ စိုက်ပျိုးမည်ဖြစ်၍ လိုအပ်သောမျိုးများရရှိရေး ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)