လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူခြင်းအခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်(၈)နာရီ၌ အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ကျင်းပပြုလုပ်သည်။

ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ စိုက်ထူရာတွင် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၌ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ဒုတိယပညာ‌ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)မှ ကျောင်းအုပ်ဆရာကြီး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့၀င်များ၊ ရပ်ကွက်၊‌ ကျေးရွာမှ တာ၀န်ရှိသူတို့က အမွှေးနံ့သာ‌ရေများဖြင့် မြေစိုက်ပိုစတာများအား အသီးသီးပက်ဖျန်းပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ၂၀၂၅ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)