နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယာယီရုံးများ ဆောက်လုပ်ထားရှိမှုနှင့် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်သည့်အခမ်းအနား၌ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမဝင်းအတွင်း Prefabricated Office များ တပ်ဆင်တည်ဆောက်နေမှုနှင့် ယာယီရုံးများဆောက်လုပ်ထားရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ ရုံးခန်းများတွင် စနစ်တကျနေရာချထားရေး၊ ရုံးသုံးစက်ပစ္စည်းများအား စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးကြိုးများ အန္တရာယ်မဖြစ်စေရန် စနစ်တကျသွယ်တန်းထားရှိရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ကိစ္စရပ်များ ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ (၂) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ပြိုကျပျက်စီးထိခိုက်ခဲ့သည့် အဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ စနစ်တကျနှင့် အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေး၊ အင်ဂျင်နီယာနှင့် လုပ်သားအင်အားများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြိုကျပျက်စီးခဲ့သည့် အဆောင်များမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ အဆောင်များပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သော မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြို့ပြစီမံကိန်းရေးဆွဲရာတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ဆောက်လုပ်နိုင်ရေးနှင့် အခြားမြို့ပြအင်္ဂါရပ်ဆိုင်ရာ အချက်အလက်များပြည့်စုံစွာ ပါဝင်နိုင်ရေး၊ နေပြည်တော်ကို Clean city ၊  Green City ၊ Smart city ဖြစ်အောင် ဆောင်ရွက်နိုင်ရေး၊ လမ်းများ စနစ်တကျ ဖောက်လုပ်ရန်နှင့် သစ်ပင်များ စိုက်ပျိုးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဆိုးထုတ်မြောင်းများ စနစ်တကျ ထည့်သွင်းရေးဆွဲရေး၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ငလျင်ကြောလွတ်ကင်းသည့် နေရာဖြစ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP နှင့်အညီ ဆောင်ရွက်ရေး၊ မြို့ပြစီမံကိန်းအား သက်ဆိုင်ရာ ပညာရှင်များနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ပြည့်စုံစွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံဝန်ထမ်းအိမ်ယာများအား ပြန်လည်နေရာချထားရေး အဆိုပြုစီမံချက်နှင့် နေပြည်တော် မြို့ပြဖွံဖြိုးရေးစီမံကိန်းရေးဆွဲထားမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)