လသာ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အမှတ်(၉) ရပ်ကွက်အတွင်း၌ ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြောင့်ဖြစ်ပွားခြင်း၊ ဖြစ်ပွားပါက အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၉)ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ၊ ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများ၊ ပိုးလောက်လန်းနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင် (ပြန်/ဆက်)