မိတ္ထီလာခရိုင်အတွင်းရှိ နှမ်းစိုက်ပျိုးမည့်တောင်သူများ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက ၁၀၀ နွေနှမ်းစိုက်ခင်းများသို့ လေ့လာ

မိတ္ထီလာ မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာ ကွင်းအမှတ် ၇၃၇ ရှိ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက၁၀၀ နွေနှမ်း (ရေဆင်း-၁၄ မျိုး) စိုက်ခင်းများသို့ ခရိုင်အတွင်းရှိ နှမ်းစိုက်ပျိုးမည့် တောင်သူများက မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြကြောင်း  မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာရှိ  ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက ၁၀၀  နွေနှမ်း (ရေဆင်း-၁၄ မျိုး) စိုက်ခင်းများသို့ မိတ္ထီလာမြို့နယ်အတွင်းရှိ တောမကျေးရွာနှင့် ချောက်ပင်ကျေးရွာများမှ နှမ်းစိုက်ပျိုးမည့်တောင်သူများက လာရောက်လေ့လာရာ လာရောက်လေ့လာသည့် တောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက နှမ်းစိုက်ပျိုးရာတွင် သတ်မှတ်လျာထားသည့် အထွက်နှုန်း ရရှိစေရေး စိုက်ပျိုးနည်းစနစ်မှန်ကန်မှု၊ သွင်းအားစုများထည့်သွင်းမှု၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးမှု၊ ပေါင်းမြက်ကာကွယ်မှု၊ ပိုးမွှာအန္တရာယ်ကာကွယ်နှိမ်းနှင်မှု၊ အပင်ကြီးထွားရှင်သန်မှု စသည့် စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ရာ နှမ်းစိုက်ပျိုးမည့် တောင်သူများက သိလိုသည်များအား မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းနှင့် မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများတွင် နွေနှမ်းစိုက်ဧက ၁၅၅၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)