မြောက်ဥက္ကလာပမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေအသိပညာပေးဆွေးနွေးပွဲပြုလုပ်

မြောက်ဥက္ကလာပ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ လူမှု၀န်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်က အမှာစကားပြောကြားခဲ့ပြီး အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်းရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်းက အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်းအနေဖြင့် တည်ထောင်ခွင့်ပြုမိန့် လာရောက်လျှောက်ထားခြင်း မရှိဘဲ ဖွင့်လှစ်ဆောင်ရွက်နေသည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက ကလေးထိန်းကျောင်းများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားနိုင်ရေး စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် မရမ်းကုန်းခရိုင်လူမှု၀န်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ပပမော်က ကလေးသူငယ်ရှေးဦးပြုစုပျိူးထောင်ရေးအကြောင်းအား အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)