မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပင် ၉ဝဝဝဝ ပင် စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးမည်

မိတ္ထီလာ မေ ၁၅

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပေါင်း ၉၀၀၀၀ ပင်ကို မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးကိုကိုမောင်ထံက သိရသည်။

၂၀၂၅ ခုနှစ် မိုးရာသီကာလမှာ စိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့်သစ်ပင်ပျိုးပင်ပေါင်း ၉၀၀၀၀ ကို ပျိုးထောင်ပြင်ဆင်ထားရှိပြီး အခမဲ့ဖြန့်ဝေပေးသွားနိုင်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။  တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် စိုက်ပျိုးလိုတဲ့ သစ်ပင်ပျိုးပင်များရှိရင် မြို့နယ်သစ်တောဦးစီးဌာနကို လာရောက်ပြီးအခမဲ့ထုတ်ယူစိုက်ပျိုးနိုင်ပါတယ်။ အဓိကသစ်ပင်ပျိုးပင်တွေအနေနဲ့ကတော့ ကုက္ကို၊ စိန်ပန်း၊ မန်ကျည်း၊ မယ်ဇလီ၊ တမာ အရိပ်ရသစ်ပင်ပျိုးပင်တွေ ပါဝင်ပါတယ်ဟု ၎င်းက ပြောသည်။ လူထုဖြန့်သစ်ပင်ပျိုးပင်များ ဖြန့်ဝေပေးခြင်းအပြင် မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာတွင် ကျေးရွာအခြေပြုကျေးရွာ ထင်းစိုက်ခင်း တစ်ရွာ ၂ ဧက စီမံချက်ဖြင့် ‌စုစုပေါင်း ၆ဧက တွင် သစ်ပင်ပျိုးပင် ၆၀၀ပင် စိုက်ပျိုးခြင်း၊ ဘက်စုံသုံးစိုက်ခင်းတည်ထောင်ခြင်း ၃၀ ဧကတွင် သစ်ပင်ပျိုးပင် ၉၀၀၀ ပင် စိုက်ပျိုးခြင်း၊ ရေဝေရေလဲစိုက်ခင်း ၄၀ ဧကတွင် သစ်ပင်ပျိုးပင်၂၂၀၀ စိုက်ပျိုးခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ သစ်ပင်ပျိုးပင် ၅၀၀ ပင် စိုက်ပျိုးခြင်းတို့ကိုလည်း မြို့နယ်သစ် တောဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ လူထုဖြန့်သစ်ပင် ပျိုးပင်များတွင် တမာ ၅၀၀ဝ ပင်၊ တပေဘူတ ၁၁၀၀၀ ပင်၊ စိန်ပန်း ၁၀၀၀၀ ပင်၊ မယ်ဇလီ ၁၂၀၀၀ ပင်၊ မန်ကျည်း ၁၂၀၀၀ ပင်၊ ယူကလစ် ၃၀၀၀ပင်၊ ရင်းမာ ၅၀၀၀ ပင်၊ ရေတမာ ၁၅၀၀ပင်၊ ဒဟတ် ၃၀၀၀ ပင်၊ ကုက္ကို ၁၄၀ဝ၀ပင်၊ ဗန်ဒါ ၅၀၀၀ပင်၊ စိန်တံချူ ၃၅၀၀ ပင်၊ မယ်ဇယ် ၁၀၀၀ ပင်၊ဇီး ၃၅၀၀ပင်၊ မာတာကွတ် ၅၀၀ ပင်တို့ ပါဝင်ကြောင်း သိရသည်။

ချမ်းသာ