နမ့်စန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ ကျင်းပ

နမ့်စန်(တ) ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးတေဇာလင်း က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဦးတေဇာလင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ဆည်တို့က ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများထံ ကဏ္ဍအလိုက် အသီးသီးပေးအပ်ခဲ့ကြသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်မှာ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး GDP ကျပ်သန်းပေါင်း (၁၀၅.၄)ဘီလီယံနှင့် (၅.၄)ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန်လုပ်ငန်းပေါင်း (၃၉)ခုရှိပြီး ဝန်ကြီးဌာန (၈)ခု၊ ဦးစီးဌာန (၁၀)ခုပါဝင်၍ လျာထားရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၃၂၁၈.၄၁၄)သန်း ဖြစ်ကာ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန်လုပ်ငန်းပေါင်း (၉၄)ခုရှိပြီး ဝန်ကြီးဌာန (၈)ခု၊ ဦးစီးဌာန (၁၁)ခုပါဝင်၍ လျာထားရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၅၂၃၅.၀၇၂)သန်းဖြစ်ကြောင်း မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)