မချမ်းဘောမြို့ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်အစားအစာများပေးအပ်

ပူတာအို မေ ၁၅

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ၏လှူဒါန်းမှုဖြင့် မချမ်းဘောမြို့ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မချမ်းဘောမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဂူဘားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက အသက်(၈၀)နှစ်အထက် အဘိုး အဘွား(၃၁)ဉီးတို့အား တစ်ဦးလျှင် ငွေကျပ်(၆၀၀၀၀)နှင့် အာဟာဖြည့် အစားအစာများကိုလည်းကောင်း၊ မချမ်းဘောမြို့နယ်ရှိ ဌာနဆိုင်ရာ(၁၂)ခုအတွက် တစ်ဌာနလျှင်(၂)သိန်းနှုန်းဖြင့် ငွေကျပ်(၂၄)သိန်းကိုလည်းကောင်း ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကောင်းကြီးပေး စကားပြောကြားခြင်းနှင့် ကောင်းကြီးပေးဆုတောင်းပေးပြီး ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်လ ဖိုင်နန်ဆိုင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ထို့နောက် ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက မချမ်းဘောမြို့ ရပ်ကွက်(၄)ရှိ ရတနာမူကြိုကျောင်း၌ မူကြိုတာဝန်ခံ၊ ဆရာမများနှင့် မူကြိုကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက မူကြိုကျောင်းအတွက် အလှူငွေ ကျပ်(၂)သိန်းနှင့်ကလေးများအတွက် အာဟာရဖြည့်အစားအစာများက ထောက်ပံ့ပေးအပ်ကာ မူကြိုကလေးများ၏ ဟန်ပန်အမူ အရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)