ကျောက်တန်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြင့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့က သန်လျင်မြို့နယ်၊ ကမာကလုတ်ကျေးရွာ ကမာဆွဲပရဟိတကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှလက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကို သာရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို (၃၀) ရက်ကြာ စာတွေ့(၃၀)ရာခိုင်နှုန်း လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် သင်တန်းသူ(၁၅)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော်၊ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေး၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းဆွေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ဌာနမှဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာမနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)