ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ် နွေစပါးစိုက်ခင်းအတွင်း တောင်သူအသိပညာပေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်

ပူတာအို မေ ၁၅

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၃ ရက် နံနက်ပိုင်းက ပူတာအိုမြို့ မတ်ပန်ကွင်း၌ ကျင်းပပြုလုပ်သည့် နွေစပါးစိုက်ခင်းအတွင်း ဓာတ်မြေဩ‌ဇာနှင့်သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ဆီမုန်ညှင်းမျိုးစေ့ အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆီမုန်ညှင်းမျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတောင်သူများအား ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံးရေး အတွက် ပထမဦးစွာ  ပြည်နယ်အစိုးအဖွဲ့က မျိုးစပါးထောက်ပံ့ပေးမှုဖြင့် (၃)နှစ်အတွင်း  ဆန်ဖူ‌လုံမှု ရာခိုင်နှုန်း ပြည့်ဝကျော်လွန်အောင် အတူတကွ ကြိုးစားဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက်ကိုလည်း မိမိတို့အားလုံးက ပန်းတိုင်ရည်မှန်းချက်ထား၍ မဖြစ်မနေ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ပူတာအိုခရိုင် အတွင်းရှိ တောင်သူများအား ဆောင်းသီးထပ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆီမုန်ညှင်း မျိုးစေ့တင်း(၃၀၀)နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နွေစပါး (ချမ်းမြေ့မေ)မျိုးစပါးစိုက်ခင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူအသိပညာ ပေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်သရုပ်ပြသမှုကို တိုင်းရင်းသား စာ‌ပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များ၊ ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ မြို့မရပ်ကွက် အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့သိုလှောင်ရုံ၌ ပြည်နယ်အစိုးရအဖွဲ့က ပေးပို့ထောက်ပံ့ ထားသော ဒေသတွင်း စားဆီဖူလုံစေရေးအတွက် တောင်သူများထံ အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည့် ဆီမုန်ညှင်း မျိုးစေ့တင်း(၃၀၀)နှင့် ဓာတ်မြေဩဇာအိတ်များအား စုစောင်းသိုလှောင်ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခွဲဝေထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက်Grade-12 ကျောင်းသား/ ကျောင်းသူ (၆၃၄) ဦးတို့အား ပူတာအိုမြို့၌ စခန်းသွင်း၍ ဘာသာရပ်အလိုက် မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခများ နှင့် ဆရာ/ ဆရာမများက Face To Face ပြန်လည်သင်ကြားပို့ချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် သင်ကြားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဖုန်ကန်ရာဇီခန်းမသို့ သွားရောက်တွေ့ဆုံအားပေးကြသည်။

ထိုသို့တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲကို ယခုလိုဒုတိယအကြိမ် ပြန်လည်ဖြေဆိုရခြင်းသည် ပထမအကြိမ်တွင် ပြင်ဆင်ခွင့်မရခဲ့သည့် ရမှတ်များနှင့် အားနည်းခဲ့မှုများအတွက် အခွင့်အရေးတစ်ရပ်အဖြစ် ပိုင်ပိုင်နိုင်နိုင်အသုံးချရန် လိုအပ်ပါကြောင်း၊ ယခုလို ဒုတိယအကြိမ် အခွင့်အရေးရရှိလာမှုအပေါ် မိမိတို့ကိုယ်တိုင်က အကောင်းဆုံးပြင်ဆင်ပြီး ကြိုးစားကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)သို့သွားရောက်ပြီး ကျောင်းစာသင် ခန်းများ၌ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ချက်ပြုတ်ကျွေး မွေးဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ သင်ကြားရေး ဆရာ၊ ဆရာမများအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် Grade-12  သင်ဆရာ၊ ဆရာများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခဌာနမှူးများက Online Learning (virtual meeting) ဖြင့် revision ပြန်လည်ဆွေးနွေးပို့ချပေးနေမှု အစီအစဉ်များကို လည်းကောင်း၊ လေယာဉ်ကွင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(လေယာဉ်ကွင်း)၌ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြသည်။

ယင်းနောက် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည် ပံ့ပိုးမှုဖြင့် ဆီစက်ပြုပြင်မွမ်းမံ၍ ဒေသထွက် ဆီထွက်သီးနှံများအား ကြိတ်ခွဲဆောင်ရွက်ပေးလျက်ရှိသည့် ပိုင်ရှင်ဦးခေါင်ခင် မိသားစုပိုင် ဆီစက်ကြိတ်ခွဲလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးတို့ ပူးပေါင်းကျင်းပသော နွေရာသီ အားကစားသင်တန်းများ သရုပ်ပြခြင်းအစီအစဉ်နှင့် မြို့နယ်ရဝမ်စာပေနှင့်ယဉ်‌ကျေးမှုအသင်း ဖလား လူငယ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ရှေးဦးစွာ နွေရာသီအားကစားသင်တန်းများမှ အခြေခံဘောလုံးသင်တန်း၊ ဘောလီဘောသင်တန်း၊ Fitness Dance သင်တန်းတို့မှ သင်တန်းသားများ၏ သက်ဆိုင်ရာ အားကစားနည်းအလိုက် သရုပ်ပြလေ့ကျင့်ကစားပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် Fitness Dance ၊ ရဝမ်တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ် အဖြစ် ဇီးအွန်အသင်းနှင့် အောက်ရှန်ဂေါင်အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို ဒေသ ခံဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ဇီးအွန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုများကို ပေးအပ်ချီးမြှင့်ရာ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စစ်ဗျူဟာမှူးတို့က ဘောလုံးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် နွေရာသီအားကစားသင်တန်းမှ သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား လည်းကောင်း၊ တတိယဆုနှင့် ဒုတိယဆုရဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပထမဆုရအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက် ဆုဖလားကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)