မိုင်းယန်း မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပွဲပြုလုပ် ခြင်းရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုဆိုင်ရာ အကြောင်းရင်းများ၊ ကလေးအလုပ်သမားဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ ကလေးသူငယ်များအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ငွေဒဏ်များစသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များတက်ရောက် ဆွေးနွေးခဲ့ကြပြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး