မိုးနဲ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီးနစ်မြှုပ်ခဲ့သည့် ငါးမွေးတောင်သူများထံသို့ လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမ၌ ငါးသားပေါက်များ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က ငါးသားပေါက်များပေးအပ်ရခြင်းနှင့် အင်းလုပ်ငန်း၊ ငါးလုပ်ငန်းလုပ်ကိုင်ကြသူများအား ရာဂီမုန်တိုင်းဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာများ၊ ငါးမျိုးသယံဇာတပြုန်းတီးမှုမရှိစေရေး၊ ငါးရိက္ခာဖူလုံမှုရရှိစေရေး၊ ငါးလုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာများအား သတ်မှတ်စည်းကမ်းများနှင့်အညီဆောင်ရွက်နိုင်ရေးတို့ကို အသိပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ငါးမွေးတောင်သူ ၉ ဦးအတွက် ရွှေဝါငါးကြင်းကောင်ရေ ၇၆၇၀ ကောင်ကိုပေးအပ်ရာ ငါးမွေးတောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)