ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တိုက်ကြီး မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားနှင့် ပက်သက်၍ အလုပ်လုပ်ရန်သင့်တော်သည့် အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ တစ်နေ့တာအလုပ်လုပ်ချိန်နှင့် ခံစားခွင့်နှင့်ပက်သက်၍ ပြဌာန်းထားမှုများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ တွေးခေါ်စဉ်းစားမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရသပေးစွမ်းနိုင်သော တေးကဗျာများကို နာယူရွတ်ဆိုခြင်းဖြင့် နှလုံးသားအာဟာရဖြည့်တင်းနိုင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝတ်ရည်