မုဒုံ မေ ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင်နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စံပယ်ပင်များကို ပျိုးပင်များနှင့် ကိုင်းဖြတ်ကိုင်းကူးနည်းစနစ်များဖြင့် မိုးဦးကျကာလ ဇွန်နှင့် ဇူလိုင်လတို့၌ စိုက်ပျိုးရန်အကောင်းဆုံးအချိန်ဖြစ်ပြီး မိုးနှောင်းကာလ စက်တင်တင်ဘာနှင့် အောက်တိုဘာလမှစ၍ ပန်းအငုံများစတင်ထွက်ရှိကာ သဘာဝမြေသြဇာကျွေးခြင်းနှင့် ပေါင်းသင်မြေဆွပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပါက အပွင့်များ လှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း၊ စံပယ်ပင်အပင် (၁၀၀) ကို စိုက်ပျိုးကုန်ကျစရိတ် တစ်သိန်းဝန်းကျင်ရှိ၍ တစ်နှစ်လျှင် ဝင်ငွေ (၃၀၀၀၀၀) ကျော်ရရှိကြောင်းနှင့် နှစ်စဥ်ပန်းများကို ခူးယူရောင်းချရကြောင်း စံပယ်ပန်းစိုက်ပျိုးတောင်သူ ဦးထွန်းဝင်းက ပြောသည်။
စံပယ်ပန်းစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိရေးအတွက် ဒေသခံပြည်သူများက အိမ်ခြံဝင်းများ၊ မြေကွက်လပ်နေရာများတွင် စိုက်ပျိုးကြပြီး ဥယျာဥ်ခြံများဖြင့်လည်း စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)