ကျိုင်းတုံ မေ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၂) နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံမြို့၊ ကတ်ဖအုပ်စု၊ နောင်ကုမ်ရွာအနီးရှိ လုပ်ငန်းရှင် ဦးကျမော့၊ ဦးကျဖီး၏ မွေးမြူထားသော ဥစာကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအတွက် နိုင်ငံတော်က ထုတ်ချေးပေးသော ချေးငွေများရရှိအောင် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်ပေးစေလိုကြောင်းမှာကြား၍ ဥစာကြက်ခြံအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း၊ ထို့နောက် ငါးမွေးမြူရေးကန်အား သွားရောက်ကြည့်ရှုရာ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးကျမော့၊ ဦးကျဖီးဥစားကြက်ခြံတွင် ခြံဝင်ဆံ့ကောင်ရေ (၁၂၀၀၀)ကောင်နှင့် ကြက်အမျိုးအစား (Red Lohmann Brown)ဖြစ်ပြီး မွေးမြူထားသည့်ကောင်ရေ (၉၀၀၀)ကောင်ရှိ၍ ပျှမ်းမျှဥနှုန်း(၈၅%)ရှိကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများတွင်လည်း ငါးမွေးကန် (၅)ကန်၊ ကန်အကျယ်အဝန်း (၄.၅၁)ဧက၊ ငါးအမျိုးအစားမှာ ငါးမြစ်ချင်း၊ တီလားဗီးယားငါးများဖြစ်ပြီး မွေးမြူထားသည့် ကောင်ရေ (၂၁၀၀၀)ကောင်ရှိကြောင်းနှင့် ဒေသအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကျိုင်းတုံ-တာချီလိတ် B.O.T အပိုင်း) ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တော်အန်းရွာအနီး(ကျွန်းတောကွေ့)နမ့်ဟတ်ချောင်း သဲနုန်းတူးဖော်ပေဘောင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က မိုးဦး၊ လေဦးကာလတွင် ရေချောင်းများ၊ မြောင်းများ ကြည့်ရှုစစ်ဆေး၍ ရေမြောင်းများပိတ်ဆို့မှုမရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လမ်းဘေးဝဲယာနှင့် ချောင်းနံဘေးတို့တွင် သစ်ပင်များစိုက်ပျိုးပေးရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
၎င်းနောက် ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ဝမ်လုံးရှမ်းရွာအနီး၊ တောင်သူဦးအိုက်ပေါင်း၏ လယ်မြေတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပတ်ခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရာက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်သူများစိုက်ပျိုးရေးစနစ်သိရှိနိုင်အောင် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာများပေးရန်လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် တစ်သီးမှ နှစ်သီးစိုက်ပျိုးပေးရန်နှင့် ပန်းတိုင်အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်သူများမှ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန် ပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှဝင်းမှ သစ်စိမ်းမြေသြဇာကြဲပက်ခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများမှလိုအပ်ချက်တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများမှ သစ်စိမ်းမြေသြဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့၊ ဟွေခါးလားဟူကျေးရွာ၊ မိုင်းဇင်းကျေးရွာအုပ်စုရှိ လားဟူနှင့်အာခါကုမ္ပဏီလီမိတက် ပင်ကြီးလက်ဖက်ခြောက်လုပ်ငန်းအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဖက်ခြောက်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ လားဟူနှင့် အာခါကုမ္ပဏီလီမိတက် ပင်ကြီးလက်ဖက်ခြောက်ကို လက်ဖက်နပ်စက်၊ လက်ဖက်ကြမ်း/ချောချဇာကာ၊ လက်ဖက်လှော်ဖိုတို့ဖြင့်ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများသောက်သုံးနိုင်ရန်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် လက်ဖက်ခြောက်များ ထုတ်လုပ်လျက်ရှိကြောင်း သိရှိသည်။
မောင်မောင်သန်း(တောင်ကြီး)