တွံတေး မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီမြန်မာသဒ္ဒါအသုံးအနှုန်းနှင့် စာစီစာကုံးရေးနည်းသင်တန်း ခုနှစ်ရက်မြောက်နေ့ ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာမဒေါ်ခင်နှင်းဦးက စာစီစာကုံးရေးသားရာ၌ အခြေခံများဖြစ်သည့် နိဒါန်း၊ စာကိုယ်၊ နိဂုံးတွင်ပါဝင်ရမည့် ခေါင်းစဥ်အလိုက် အချက်အလက်များအကြောင်း၊ နိဒါန်း၌ရေးသားဖော်ပြရမည့် အချက်များ၊ စာကိုယ်တွင်ဖွဲ့နွဲ့ရေးသားမှု၊ နိဂုံးတွင် ပါဝင်သင့်သော ချုံငုံသုံးသပ်ချက်များအကြောင်း သင်ကြားပို့ချကာ ကျောင်းသား၊ ကျောင်းသူများအား ပေးထားသော ခါင်းစဥ်များအလိုက် လက်တွေ့ရေးသားခြင်း သင်ခန်းစာစတင်ရေးသားကြကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသင်ခန်းစာများတွင် အထောက်အကူပြုစေရန်၊ ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် မြန်မာသဒ္ဒါအသုံးအနှုန်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်းကို မေလ (၇) ရက်နေ့မှ (၁၈) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ (၃၀) ဦး တက်ရောက်နေသူများအား ယနေ့သင်တန်းအပြီးတွင် အလှူရှင် ဦးသက်ဦး၊ ဒေါ်သန်းသန်းအေး မိသားစုတို့က တစ်နေ့တာ အဟာရဒါနအအေးနှင့် မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
တွံတေးသား