နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခြင်းနှင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် မေ ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ညိုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ သင်ကြားလေ့ကျင့်နိုင်ရေး၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ်ဖြည့်စည်း ဆောင်ရွက်ပေးရေးတို့ကိုမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မောင်းရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈၈၅)ရှိ ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံပွဲသို့‌ တက်ရောက်ခဲ့သည်။ တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်ရာခိုင်နှုန်း တိုးမြင့်စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများက နွေစပါး၊ နွေသီးနှံများစိုက်ပျိုးနိုင်မှု၊ ထွက်ရှိမှုအခြေအနေများ၊ ရေပေးဝေရေး ဆည်၊ တမံများမှ စိုက်ပျိုးရေ ပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ တောင်သူ ဦးအောင်မြင့်ထွန်း၏ လယ်မြေ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသော နွေစပါးမျိုး(၇)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)