တောင်ကြီး မေ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက တောင်ကြီးမြို့နယ်၊ တာယောသုတေသနခြံနှင့် ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် တောင်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာယောသုတေသနခြံတွင် စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ (၂) ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ခင်း (၂)ဧကနှင့် ဆောင်းပဲပုတ် ရေဆင်း (၁၅) ဧက၊ မျိုးစေ့ထုတ်စိုက်ခင်း(၆)ဧက အောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသအတွင်းမျိုးစေ့လိုအပ်ချက်များ၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ညောင်ရွှေမြို့နယ်တွင် နွေစပါးစံပြကွက်ဧက (၂၀၀) စိုက်ခင်းသို့ရောက်ရှိပြီး တောင်သူ ဦးဝိုင်း၏ DU – 16 မျိုး၊ နွေစပါးစိုက်ခင်းတွင် နွေစပါးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် စနစ်တကျလယ်ယာဖော်ထုတ်နိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင် (ပြည်နယ်၊ ပြန်/ဆက်)