မြစ်ကြီးနား ဧပြီ ၁၄
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဒေသဝမ်းစာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့ သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မေ ၁၂ ရက် နံနက်ပိုင်းတွင်ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ စက်မှုလက်မှု သိပ္ပံကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးနှင့်ဇနီး၊ ပူတာအို အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်းနှင့်ဇနီး၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များအတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်နေရာအသီးသီး၌ သစ်အယ်၊ ရေပိတုန်း၊ လောက်ယားစသည့် အရိပ်ရအပင်ကြီးမျိုး (၄၅၀)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ တတိယနှစ်စက်ဝန်းမှ မတည်ရင်းနှီးပေးမှုဖြင့် မွေးမြူရေးတောင်သူ ဦးအောင်ထွန်း၏ခြံ၌ ဒေသကြက်များမွေးမြူထားရှိမှုနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများနှင့် ယခုချေးငွေကာလကုန်ဆုံးပါက ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး၊ လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည် မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ပံ့ပိုးပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေယာဉ်ကွင်းရပ်ကွက်၊ ဟိုဖိုင် ကျေးရွာအတွင်း မိုးစပါးနှင့် လယ်သီးထပ် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး နမ်ထွမ်ချောင်းရေမှ ဟိုဖိုင် တောင်/မြောက်ကွင်းနှင့် လေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ လယ်မြေများအတွက် စိုက်ပျိုးရေလုံ လောက်စွာရရှိရေး ၂၀၂၅-၂၀၂၆ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည့် ကျောက်လုံးရေလွှဲဆည် တည်ဆောက်နိုင်ရေးသွား ရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ ဆည်ဆိုင်ရာအချက်အလက်များ၊ အကျိုးပြုလယ်ဧရိယာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် စိုက်ပျိုးချိန်အမီ ရေရရှိ အောင်ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရေလွှဲဆည်ဆောင်ရွက်မည့် နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကျေးရွာပိုင် ဟိုဖိုင်ကွင်းများအတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှံ ပန်းနှမ်း စိုက်ပျိုးနိုင်ရေးအတွက် လယ်မြေဧက ၅၅ ဧကကျော်အား ပြန်လည်ထွန်ယက်ပေးနိုင်ရေး၊ စက်သုံးဆီပံ့ပိုးကူညီထောက်ပံ့ပေးနိုင်ရေး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါလယ်ကွင်းသွားလမ်းပေါ်ရှိ ချောင်းရေကျော်တံတား တည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီးကျေးရွာအုပ်စုအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် လယ်ဧက ၁၃၀ ဧက ဖော်ထုတ်ပေးခဲ့သည့် မြေနေရာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မိုးစပါးအချိန်မီ စိုက်ပျိုးစိုက်နိုင်ရေး၊ ကျန်ရှိသည့် လယ်ဧကများ ထွန်ရေးအမြန်ဝင်ရောက်ပေးနိုင်ရေး၊ စက်သုံးဆီနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လယ်ဖော်ထုတ်ပြီးစီးမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ်ရှယ်ဇွတ်ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းပါ တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် တောင်သူဦးသိန်းဝင်း၏ ခြံသို့သွားရောက်ရာ ဒေသခံလီဆူ တိုင်းရင်းသားများက ရိုးရာတေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခြံဝင်းအတွင်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ဖူးစားပြောင်းစိုက်ခင်း၊ ဖရဲသီးစိုက်ခင်းနှင့် ဒေသကြက်ကောင်ရေ (၂၀၀) ကျော် မွေးမြူထားရှိမှုအခြေအနေများနှင့် ခြံဝင်းအတွင်း ဂရိတ်ဖုသီးပင်များ စိုက်ပျိုးထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည့် နည်းစနစ်နှင့် နည်းပညာများ ကူညီပေးနိုင်ရေး၊ ဆီထွက်သီးနှံ ဆီမုန်ညှင်းတိုးချဲ့နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ရရှိရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၇၀၀ မတည်ပံ့ပိုးပေးမှုကြောင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ပူတာအို ရေသန့်စက် ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်စေရေး ရေသန့်ဘူးခွံအား ကိုယ်ပိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဟိုခိုပရဟိတ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိူကာ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး အလှူငွေကျပ် ၁၀ သိန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှ ဘုန်းတော်ကြီးကျောင်းရှိ အခြေခံပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါနပြု ကျွေးမွေးခြင်းနှင့် ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်းရှိ ရေခဲတောင်ရေသန့်စက်ရုံသို့သွားရောက်ပြီး ရေသန့်ထုတ်လုပ်လည်ပတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံသွားရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါရပ်ကွက်အတွင်း ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးနှင့် ဒေသတွင်း ငါးမွေးတောင်သူများအတွက် ငါးသားဖောက်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး မွေးမြူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသငါးများ မွေးမြူထားရှိမှု၊ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအတွက် ဖြန့်ဖြူးရောင်းချပေးနိုင်သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းလျက်ရှိသည့်အပြင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုရှင်ဦးစောနွဲ့ခွန်ဝင်း နေ၏ “ရွှေတောင်” ဆန်ခေါက်ဆွဲလုပ်ငန်းသို့ သွားရောက်ခဲ့ကြပြီး ဆန်ခေါက်ဆွဲ လည်ပတ်ထုတ် လုပ်နေမှုအဆင့်ဆင့်ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၁၁ ရက် ညနေပိုင်းကလည်း ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၁၀ သိန်း မတည်ပေးမှုဖြင့် ပိုင်ရှင်ဒေါ်ဖုန်ဇီခေါ်၏ ခြံဝင်းအတွင်း ဒေသငါးမျိုးများဖြစ်သည့် ငါးနီ၊ ငါးဂလာကောင်ရေ ၁၀၀၀ ကျော်မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်များ တိုးချဲ့တူးဖော်မွေးမြူနိုင်ရေးနှင့် ငါးသားပေါက်ရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထပ်တိုးမတည်ငွေအဖြစ် ငွေကျပ်သိန်း ၄၀ ကိုပေးအပ်ခဲ့ကာ နည်းစနစ်ကျမွေးမြူနိုင်ရေး ခရိုင်ငါးဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါ အိမ်ဝင်းအတွင်း တစ်ပိုင်တစ်နိုင် ရေသန့်စက်ဖြင့် ရေသန့်ဘူးများ စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည် များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ကောင်ကထောင်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း (၁၀၀) မတည်ပေးမှုဖြင့် ဒေါ်ဒခွမ်ခေါ်မန် အပါအဝင် မိခင် (၁၃) ဦးတို့၏ “နှင်းပွင့်တောင် ဇလပ်” အမည်ဖြင့်ဒေသထွက် အသီးအနှံများအား အသင့်စားယိုစုံအဖြစ် ထုတ်ပိုးပြုလုပ်ခြင်းနှင့် ဖျော်ရည်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး နည်းပညာပံ့ပိုးမှုရရှိရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)