မိုးညှင်း မေ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရာ၌ အထောက်အကူဖြစ်စေရေအတွက် Grade-12 သင် ဆရာ/ဆရာမများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခများမှ Online Zoom ဖြင့် ဒုတိယအကြိမ် TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဆွေးနွေး ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါဆွေးနွေးပို့ချရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုကြရာ၌ ပိုမိုအထောက်အကူပြုနိုင်ရေးအတွက် မြစ်ကြီးနားတက္ကသိုလ်ရှိ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ပါမောက္ခများက Grade-12 သင် ဆရာ/ဆရာမများကို Online Zoom ဖြင့် ဒုတိယအကြိမ် TOT ပြန်လည် ဆွေးနွေးပို့ချလျက်ရှိရာ မိုးညှင်းခရိုင်တွင် မိုးညှင်းနှင့် ဟိုပင်တို့မှ ဆရာဆရာမများကို အ.ထ.က(၁) မိုးညှင်း၌လည်းကောင်း၊ မိုးကောင်း၊ နမ္မတီး၊ ကာမိုင်းနှင့် ပင်းဘောမြို့တို့မှ ဆရာ၊ ဆရာမများကို မိုးကောင်းမြို့တော်ခန်းမ၌လည်းကောင်း၊ ဖားကန့်မြို့မှ ဆရာဆရာမများကို အထက(ဖားကန့်)၌ လည်းကောင်း Online Zoom ဖြင့် အသီးသီး ဆွေးနွေးပို့ချလျက်ရှိကြောင်းနှင့် ၎င်းဆွေးနွေးပို့ချခြင်းကို မေ (၁၃) ရက်မှ (၁၄) ရက်ထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုဆွေးနွေးပို့ချနေမှု အခြေအနေများကို မိုးညှင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း