ရန်ကုန်တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်

ရန်ကုန် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်‌အဝေးကို လူငယ်စင်တာအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉း၃၀ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စင်တာအား လူထုအခြေပြုဗဟိုဌာနကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များက အသုံးချကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီတို့ပူးပေါင်း၍ လူငယ်စင်တာတွင် စာပေဟောပြောပွဲများ၊‌ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ စာပေဆိုင်ရာလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ကျောင်းစာကြည့်တိုက်များ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖတ်ရှိန်မြှင့်တင်‌ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မိမိတို့ကော်မတီအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်စင်တာကို အောင်မြင်အောင်‌ဆောင်ရွက်ပြီး လူငယ်များ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး‌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင် ဒေါ်ခင်လေးစိုးက စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိ‌အောင် ဆောင်ရွက်ကြရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ ဆွေးနွေးတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ ရပ်ကွက်/‌ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်/မြိုနယ် ဦးစီးမှူးများနှင့်ကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို တင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ‌ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)