ချမ်းအေးသာစံ မေ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မေလ(၁၃)ရက်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါ စီမံကိန်းရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စီမံကိန်းမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအား ရှင်းလင်းတင်ပြပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လိုင်စင်ရကျွမ်းကျင်ပညာရှင် အဆင့် ၁ နှင့် မြန်မာနိုင်ငံမှ လိုင်စင်ရ PE(Structure) ပညာရှင်များက အင်အားပြင်း ငလျင်ဖြစ်ပြီးနောက် အဆောက်အဦခိုင်ခံ့မှု စစ်ဆေးခြင်း၊ ခိုင်ခံ့မှုဒီဇိုင်း ပြန်လည်တွက်ချက်ခြင်း၊ ခိုင်ခံ့မှု ဒီဇိုင်း တိုးမြှင့်အောင် ဒီဇိုင်းတွက်ချက် ခြင်း၊ ငလျင်ကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်မွန်းမံခြင်း နည်းပညာများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးအကြံပြုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေး အကြံပြုချက်များအပေါ် ဖြည့်စွက်ပြောကြားပြီး စီမံကိန်းအတွင်း ကြည့်ရှုခဲ့သည်။
၎င်းနောက် ကျွန်းတပင်ကျေးရွာ၊ ဝက်ဝံကျေးရွာအုပ်စုတွင် တောင်သူများ၏ ဖူးစားပြောင်း ၄၉၉ ဧက စိုက်ပျိုးရှင်သန်နေမှုကို သွားရောက်ကြည့်ရှုရာ တောင်သူဦးဝင်းဗိုလ်က စိုက်ပျိုးရေရရှိမှု၊ ဖူးစား ပြောင်းရိတ်သိမ်းပြီးပါက မိုးစပါး-ဆောင်းဂျုံ စိုက်ပျိုးသွားမည့် အစီအစဉ်၊ တစ်နှစ်လျှင် (၃)သီး စိုက်ပျိုး ထုတ်လုပ်နေမှု၊ စိုက်ပျိုးရေရရှိမှု၊ တစ်ဧက ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝက်ဝံကျေးရွာ အုပ်စု၊ မြိတ်ကြီးကျေးရွာရှိ ရွှေကောင်း ကင်ကုမ္ပဏီလီမိတက်၏ ဥစားကြက်မွေး မြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက Open Type (Battery Cage)၊ ပေ၄၀ x ပေ၄၀၀ ( ၈) ခြံဖြင့် ဥစားကြက်အကောင်ရေ တစ်သိန်းမွေးမြူ ထားရှိမှု၊ ကြက်ဥတစ်ရက်ထွက်ရှိမှု၊ ကြက်စာအတွက် နောင်ချိုမှ စိုက်ပျိုး ထွက်ရှိသည့် ပြောင်းဆံဝယ်ယူ ရမှု၊ လိုအပ်သည့် ကုန်ကြမ်းအား ပြည်ပမှတင်သွင်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE Fall )အတွင်းရှိ ရေသန့်စင်အနည်စစ်ကန် တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက Be Fall အတွင်းဝင်ရောက်လာသည့် ဂဲလောင်ချောင်းရေအား သန့်ရှင်းသောရေဖြစ်လာစေရန်အတွက် အဆင့်(၃)ဆင့်ဖြင့် သဘာဝနည်းအသုံးပြု ရေစစ်ကန်ရွက်ထားရှိမှုကို ကြည့်ရှုပြီးအပန်းဖြေစခန်းလာ ရောက်သူများအား တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် စေတီတော်ကြီးသို့ သွားရောက်ပြီး မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းပြီး ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စေရေး၊ စေတီတော်ကြီး ပရဝဏ်အတွင်းအပြင် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေး အလေးထားကာ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြင်ဦးလွင်မြို့တွင် ယာယီသီတင်းသုံးနေတော်မူသည့် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ၊ မဟာဝိဇိတာရုံပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌ ဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသသက်တော်ရှည်ဆရာတော် ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်