ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်း ပူတာအိုမြို့ရှိ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာနှင့် ပရဟိတကျောင်းများသို့ ဆန်၊ ဆီ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ပံ့ပိုးငွေပေးအပ်လှူဒါန်း

ပူတာအို မေ  ၁၃

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၁၂)ရက် နံနက်()နာရီခွဲက ခါကာဘို ဘိုးဘွားရိပ်သာ၊ မေတ္တာအိမ်မိဘမဲ့ဂေဟာ၊ ပရဟိတကျောင်းသွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ဆီ၊အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ပံ့ပိုးငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ခါကာဘို ဘိုးဘွားရိပ်သာခန်းမဆောင်၌ ဘိုးဘွားရိပ်သာ တာဝန်ခံ၊ ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက်ခြင်းသည် အလွန်မွန်မြတ်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ လူသားများသည် တစ်နေ့ဧကန်မလွဲ အဘိုးအဘွားဖြစ်လာမည်ဖြစ်၍ အချင်းချင်းရိုင်းပင်းကူညီရန်လို အပ်ကြောင်း၊ ဘိုးဘွားများ၏ ကျန်းမာရေးကိစ္စများလိုအပ်လာပါက ပြည်နယ်သို့အဆင့်ဆင့်တင်ပြပေးစေလို ကြောင်း၊ပြည်နယ်သို့တင်ပြလာပါက တတ်နိုင်သည့်ဘက်မှ အချိန်နှင့်တပြေးညီကူညီဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်ပါကြောင်း၊ ယခုလိုဘိုးဘွားများအတွက် ကူညီလှူဒါန်းခွင့်ရရှိသဖြင့် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ နောက်နောင်တွင်လည်း အခါအခွင့်သင့်သလို အမြဲလာရောက်ကူညီလူဒါန်းသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်း၊ အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ခါကာဘို ဘိုးဘွားရိပ်သာနေ အသက်(၈၀)နှစ်အထက် အဘွား(၁၃)ဦး စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန် ၂၄ ပြည်အိတ် (၃) အိတ်၊ ဆီ(၁၀)ပိဿာ၊ ကြက်ဉ(၄)ကဒ်၊ ကွေကာ(၅)ထုပ်နှင့် ပံ့ပိုးငွေ(၃)သိန်းအားပေးအပ်လှူဒါန်းရာ ခါကာဘို ဘိုးဘွားရိပ်သာ တာဝန်ခံဦးဖလားဆာမိုအယ်လ်ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ မေတ္တာအိမ် မိဘမဲ့ဂေဟာခန်းမ၌ မေတ္တာအိမ်မိဘမဲ့ဂေဟာ တာဝန်ခံ၊ မိဘမဲ့ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ မိဘမဲ့ကလေး(၆)ဦးအတွက် ဆန် ၂၄ ပြည်အိတ်(၁)အိတ်၊ ဆီ(၃) ပိဿာ၊ ကွေကာ(၅)ထုပ်၊ကြက်ဉ(၃)ကဒ်နှင့် ပံ့ပိုးငွေကျပ်နှစ်သိန်းအားပေးအပ်လှူဒါန်းရာ မေတ္တာအိမ်မိဘမဲ့ ဂေဟာ တာဝန်ခံဆရာမကလက်ခံရယူသည်။

ထိုမှတဆင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် ပူတာအိုမြို့ ဟိုခိုရပ်ကွက် ဇေယျသိဒ္ဓိကျောင်းတိုက် ခမ်းတီးလုံပညာဒါနပရဟိတကျောင်း ဓမ္မာရုံ၌ ဇေယျသိဒ္ဓိကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကသည် ခမ်းတီးလုံပညာဒါနပရဟိတကျောင်း ကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ/မ(၄)ဦးနှင့် ကျောင်းသားကျောင်းသူစုစုပေါင်း(၅၀)ဦးတို့အား ပံ့ပိုးငွေနှင့် အာဟာရဒါနအဖြစ် မုန့်လက်ဆောင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)