အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြလမ်းညွှန်ကြပ်မတ်ပေးရန်၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ၊ နည်းပြများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားအောင်မြင်မှုများ ရရှိရန်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးကြိုးစားအားထုတ်ကြရန်မှာ ကြားပြီးနောက် ပဏာမလက်ရွေးစင်ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးရုံသို့ ရောက်ရှိရာအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ကြိုဆို၍ အားကစားအောင်နိုင်ရေး ဆောင်ရွက်ချက်များ၊ နေထိုင်စားသောက်ရေးကိစ္စရပ်များနှင့် တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး အားကစားသမားများ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိစေရန် လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့မှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေသည့် ပိုက်ကျော်ခြင်းအားကစားရုံသို့ ရောက်ရှိရာ အဖွဲ့ချုပ်အတွင်းရေးမှူး နှင့်တာဝန်ရှိသူတို့က ကြိုဆိုကြ၍ ပဏာမလက်ရွေးစင်အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ကြိုဆိုကြပြီး စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင် ဘိလိယက်နှင့် စနူကာအားကစားသမားများ လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး အားကစားအောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် စိတ်ပါဝင်စားစွာ ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြ၍ ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)