မိုးနဲ မေ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တောင်သူများ အစားထိုးသီးနှံ စိုက်ပျိုးရေးအတွက် အစားထိုးသီးနှံမျိုးစေ့၊ ပျိုးပင်များ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကုန်းကျောင်းကျေးရွာ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာနေတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက အစားထိုးသီးနှံပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က အစားထိုးသီးနှံ မြေပဲ၊ ပဲစင်းငုံ မျိုးကောင်းမျိုးသန့်မျိုးစေ့၊ လက်ဖက်ပျိုးပင်နှင့် ထောပတ်ပျိုးပင်များပေးအပ်ခဲ့ပြီး သီးနှံအဖျက်ပိုး နှိမ်နင်းရေးနည်းလမ်းများနှင့် တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)