လှိုင် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းကို ယနမန်နေ့နံနက်(၁၀)နာရီအချိန်ကစ၍ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့်ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး(ကျန်းမာရေးဌာန)မှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၉) ၊အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဝန်းအတွင်း အုပ်မိုးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ချုံအမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြသည်။
လှိုင်မြို့နယ်အတွင်းရှိ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့်ကျန်ရှိနေသော ရပ်ကွက်များအား ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်