မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းကိုင် မေ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့၌ နွေရာသီကာလအတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍  ယနေ့မနက်  ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)ခန်းမ၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်းထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ကျော်စိုးက ဆိုရှယ်မီဒီယာအကြောင်း သိကောင်းစရာ၊ ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းလိုင်က ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာကြသည့်  လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များက  မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းနှင့် မြေစိုက်နံရံကပ်စာစောင်တို့ကို ဖွင့်လှစ်ပြသခဲ့ရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)