မူဆယ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပ

မူဆယ် မေ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ကျောင်းသား/ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများဖွံ့ဖြိုးလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ရှင်းလင်းပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်ကြသည့် ကျောင်းသား/ကျောင်းသူများ၏ ပန်းချီရေးဆွဲဆေးခြယ်ထားသော လက်ရာများကို ပညာရှင်များဖြင့် တည်းဖြတ်၍ ဆုများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများနှင့် ကျောင်းသားလူငယ်လူရွယ်များကို ဗဟုသုတရရှိစေရန် နေ့စဉ် သုတ/ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)