မူဆယ် မေ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်က မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကားပြောကြားခဲ့ရာတွင် မူဆယ်ခရိုင်အတွင်းမှာရှိသည့် ဒေသခံတိုင်းရင်းသူ သမီးငယ်လေးများအတွက် ဘဝရပ်တည်မှုခိုင်မာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအပြင် သင်တန်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးကို ရည်ရွယ်လျက်ရှိပြီး ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာဆိုသည်မှာ အမျိုးသမီးတို့အတွက် မရှိမဖြစ်သော ပညာရပ်ဖြစ်သဖြင့် တန်ဖိုးထားဂုဏ်ယူပြီး သင်ကြားကြရန်လိုပါကြောင်း၊ သင်ကြားပြသပေးမည့် နည်းပြဆရာမများအနေဖြင့်လည်း စေတနာထားပြီး ခေတ်နှင့်အညီ ဒီဇိုင်းပုံဆန်းများကို သင်ကြားပြသပေးစေလိုပါကြောင်း၊ မိမိတို့လေ့လာကြိုးစားခြင်းဖြင့် မိမိတို့ဘဝတိုးတက်ယုံတင်မကဘဲ မိမိရပ်ရွာမှအစပြုပြီး မြို့နယ်ဒေသအထိ တိုးတက်လာမှာဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နန်းစောရင်က သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ထောက်ပံ့ပစ္စည်းများ၊ သင်ကြားမည့် နမူနာပုံစံများကို ကြည့်ရှုခဲ့ကြပြီး နှစ်ထပ်မော်တာဆောင်တွင် သင်ကြားမည့် သင်တန်းသူများကို တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအနေဖြင့် သင်တန်းများကို ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သင်တန်းကြိမ် (၆၀) ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပြီးသူပေါင်း ၂၅၀၀ ကျော်ရှိကြောင်းနှင့် သင်တန်းမှ စက်ချုပ်ပညာသင်ခန်းစာ ၃၀ မျိုး၊ လက်မှုပညာ၊ မြန်မာ့မုန့်လုပ်နည်းပညာများကို နေစားစရိတ်ငြိမ်းဖြင့် သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)