နေပြည်တော် မေ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မတမံနှင့် ကုန်းကျောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ စက်ယန္တယားများ အချိန်ပြည့်အသုံးပြုနိုင်ရေး၊ မြေစမ်းသပ်မှုများ စနစ်တကျဆောင်ရွက်ရေး၊ တမံအောက်ခြေနှင့် လမ်းမကြားရှိ မြေလွတ်နှင့် ရေကန်နေရာများတွင် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နှစ်စဉ် စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စာရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် မျိုး၊ မြေ၊ ရေ၊ နည်း အချက်များနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းများ၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများတိုးတက်ရေး၊ မွေးမြူရေးကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် ပြောင်းလဲမွေးမြူနိုင်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်ထုတ်လုပ်ပို့ဆောင်နိုင်ရေး၊ မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးရေး၊ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အရှိန်ဟုန်ဖြင့်ဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများကို တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စာရင်းဇယားများအား မှန်မှန်ကန်ကန်ပြုစုပေးပို့တင်ပြရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်မီရောက်ရှိစေရေးနှင့် စက်ယန္တယားအင်အား ထပ်မံဖြည့်ဆည်းဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မိုးမကျမီ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်မှုအား နေ့ညအဆိုင်းခွဲပြီး စက်ယန္တယားများ အသုံးပြုဆောင်ရွက်ရေး၊ တမံအောက်ခြေသို့ နုန်းများ ထပ်မံမရောက်ရှိစေရေးအတွက် နုန်းတားမြောင်းများ စနစ်တကျတူးဖော်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)