ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ Basic Grammar သင်တန်း ဖွင့်လှစ် သင်ကြား

ပုဇွန်တောင် မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီ Basic Grammar သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီ Basic Grammar သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဆရာမကြီး ရွှေယဉ်နု(ပညာရေး)မှ သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်တန်းစတင်ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို ဆရာမကြီး ရွှေယဉ်နု(ပညာရေး)မှ သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ မေလ(၁၂)ရက်နေ့မှ မေလ(၂၃)ရက်နေ့ထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်ပေးသည့် နွေရာသီ Basic Grammar သင်တန်းကို နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ Grammar ကို အခြေခံကျကျဖြင့် ပိုမိုတတ်ကျွမ်း နားလည်တတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားကာ အမှား၊ အမှန်ချင့်ချိန်တွေးတော ဆုံးဖြတ်တတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်