ဒဂုံဆိပ်ကမ်း မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ယနေ့နံနက် ၇ နာရီတွင် အမှတ်(၆၉)ရပ်ကွက်၊ အနော်ရထာလမ်းရှိ အမှတ်(၃) အခြေခံပညာ မူလတန်း (လွန်)ကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင် ဦးဆောင်သည့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၉၆)ဦးဖြင့် စာသင်ကျောင်းများ အတွင်းနှင့်အပြင် အမြင်မတင့်တယ်သော သစ်ရွက်ခြောက် အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ခြင်း၊ ကျောင်းဥပဓိရုပ်လှပစေရေးအတွက် မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများနှင့် လျှောက်လမ်းများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် Abate ဆေးခတ်ခြင်း၊ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)