ကော့မှူးတွင် လူငယ်နဲ့လူမှုရေး(လူငယ်လမ်းညွှန်ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ လူငယ်စာပေဝါသနာရှင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ဒုတိယဦးစီးမှူး ဦးထက်မြက်သူတို့က ကျောင်းသား/ကျောင်းသူများမှာ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည်ဖြစ်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် စာအုပ်စာပေများ လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ မြန်မာစကားပုံတွင် ရေအသက်တစ်မနက် ထမင်းအသက်ခုနစ်ရက်ဟူ၍ရှိကြောင်း၊ အလားတူစာပေအသိပညာမရှိပါက အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ထို့ကြောင့် ပညာအသက်သည် ဘဝတစ်သက်ဖြစ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်သဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာအုပ်စာစောင်များ လေ့လာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စာပေဝါသနာရှင် မောင်သူရိန်လင်းက စာရေးဆရာမောင်မင်းစိုးရေးသည့် လူငယ်နဲ့လူမှုရေး (လူငယ်လမ်းညွှန်ဆောင်ပါးများ) စာအုပ်ထဲမှ “လူငယ်နဲ့အယုံလွယ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကျော်က “လူငယ်နဲ့စိုးရိမ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီရိငယ်က “လူငယ်နဲ့ဝါသနာ” ခေါင်းစဉ်ဖြင့် လည်းကောင်း  အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စာပေဝါသနာရှင် မောင်သူရိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)