စီးပွားဖြစ် သင်္ဘောသီး စိုက်ပျိုးသူများ  စျေးကောင်းရ၍ ဝင်ငွေကောင်းလျက်ရှိ

ကျိုက်မရော မေ ၁၃

မွန်ပြည်နယ်  ကျိုက်မရောမြို့နယ် အထရံရပ်ကွက် ငါးအိမ်စုပိုင်း၌ စီးပွားဖြစ်စိုက်ပျိုးထားသည့် သင်္ဘောသီးများ လှိုင်လှိုင်ပေါ်ချိန်၌  စျေးကောင်းရရှိသဖြင့် စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေကောင်းလျက်ရှိကြောင်း  သင်္ဘောသီးစီးပွားဖြစ် စိုက်ပျိုးသူ ဦးသန်းဦးထံမှ သိရသည်။

သင်္ဘောပင်သည် အသီးစားအပင်တစ်မျိုးဖြစ်ပြီး ရှင်သန်လွယ်သော အပင်လည်းဖြစ်၍ အိမ်တိုင်း၌လည်း စိုက်ပျိုးကြသည်။

ယခု စီးပွားဖြစ်စိုက်ပျိူးသော ယိုးဒယားမျိုးမှာ အပင်ပုပြီး အသီးအထွက်နှုန်းများကာ တစ်ပင်လျင် ၂၅ လုံးခန့်သီးကာ  အစိမ်းအတိုင်း ခူးရောင်း၍ရပြီး သင်္ဘောသီးအစိမ်းတစ်လုံးကို တစ်ထောင်ကျပ် အနည်းဆုံးရကြောင်း သင်္ဘောပင်ပေါင်း ၂၀၀ ခန့် စိုက်ပျိုးထားပြီး အထွက်နှုန်းလည်းကောင်းသဖြင့် စိုက်ပျိုးသူတောင်သူအနေဖြင့် မိသားစုနေ့စဥ်  ဝင်ငွေရရှိကြောင်း သင်္ဘောပင် စိုက်ပျိုးရာတွင် အခြားအသီးစားအပင်များနှင့် နှိုင်းယှဥ်ပါက အချိန်အကြာကြီးစောင့်ရန်မလိုဘဲ အသီးသီးသည့် အပင်မျိုးဖြစ်၍ စိုက်ပျိုးစရိတ်လည်းသက်သာကာ နှစ်တိုစိုက်ပျိုးဖြစ်ထွန်းပြီး  စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရနိုင်သဖြင့် သင်္ဘောပင်ကို လူတိုင်း စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး